Sunday, March 25, 2012

အင်ဖော်မေးရှင်းစားခြင်း




ကိုယ်တိုင်ဖျော်ထားတဲ့ ကော်ဖီခါးခါးတခွက်နဲ့

ပူပူနွေးနွေး အင်ဖော်မေးရှင်းတချို့က

ငါမနက်တိုင်းစားနေကျ မနက်စာ


အင်ဖော်မေးရှင်းတွေ ဆယ့်လေးရက်လောက်

လျော့စားမိတာနဲ့ ကိုယ်အလေးချိန်တက်လာတယ်

ဗိုက်နဲနဲထွက်လာတယ်


အင်ဖော်မေးရှင်းတွေကို အရင်က

လိုက်ရှာစားရပေမယ့်

အခုတော့

အင်ဖော်မေးရှင်းတွေက

စားပွဲပေါ် ထိုင်ခုံပေါ် ထမင်းစားပွဲပေါ်

နောက်ဆုံး ဂျင်းဘောင်းဘီအိတ်ကပ် ထဲထိပါ

အဲ့ဒီလောက်ထိ လွယ်လွယ်ရနေတာ


အင်ဖော်မေးရှင်းတွေကို ရှော့ပ်ပင်းမောတွေမှာ

တက်ကနိုလော်ဂျီဆီက ကြိုက်သလောက်ဝယ်စားလို့ရနေပြီ

အင်ဖော်မေးရှင်းတွေက အိမ်မက်သန်းပေါင်းများစွာကို

နီးကပ်ခွင့်ပေးတယ် နီးစပ်ခွင့်ပေးတယ်


ဒါပေမယ့်

အခန့်မသင့်ရင်တော့ အင်ဖော်မေးရှင်းတွေက

ကိုယ့်ကိုပြန်စားမယ်


ရဲဝင့်သူ



အင်ဖော်မေးရှင်း = information

တက်ကနိုလော်ဂျီ = Technology

Sunday, January 15, 2012

ဆာရီရယ်လစ်ဆမ် ကဗျာတပုဒ်


persistence of memory (Salvador Dali)



ရာသီဥတုက

ခြေခင်းလက်ခင်းသာရုံ သာစရှိသေး


ခုမှပြုံးနိုင်တဲ့ နှုတ်ခမ်းနဲ့တော့

တို့ပါးနှစ်ဘက်ကို ဘယ်ပြန်ညာပြန်ရိုက်ခဲ့တဲ့ လက်ကို

မနမ်းပါရစေနဲ့တော့


ဒါဟာ ဒါလီ*ရဲ့ ဆာရီရယ်လစ်ဆမ်* ထက်ကို

ရီရယ်လစ်ဆမ်* ပိုကျတယ်


မမေ့နဲ့လေ

ပီကာဆို*ရဲ့ ဂွာနီကာ* ပန်းချီကား

တို့ဆီမှာလည်းရှိနေတာပဲ


ဘာလဲ

သဘောထားမကြီးဘူးတဲ့လား

မြောက်ဝင်ရိုးစွန်းက ရေခဲတောင်ကြီးတွေက

ခုမှ ရုတ်ချည်း အရည်ပျော်ကျလာတာမှမဟုတ်တာ

ရာသီဥတုကြီး လေပူမှုတ်ခါမှ

ကမ္ဘာကြီးပူနွေးမှုအကြောင်း စကားစပ်မိကြပေတော့မယ်...


ရဲဝင့်သူ


* ဆာရီရယ်လစ်ဆမ်= Surrealism

* ဒါလီ = Salvador Dali

* ပီကာဆို = Pablo Picasso

* ဂွာနီကာ= Guernica

Tuesday, January 10, 2012

မိုင်တိုင် ၂၀၁၂

Highway by Harm van den Dorpel. ( google image)




နှစ်တနှစ်ကုန်ဆုံးသွားတာဟာ

မိုင်တိုင်တခုကို ကျော်ဖြတ်လာခဲ့တာပဲ


အကျီ င်္အသစ်ဝယ်လို့ရတယ်

ဘောင်းဘီအသစ် ၀ယ်လို့ရတယ်

ဖိနပ်အသစ် ၀ယ်လို့ရတယ်

နေကာမျက်မှန်အသစ် ၀ယ်လို့ရတယ်

ဒါပေမယ့်

အိပ်မက်အသစ် မက်လို့မရဘူး


ကုန်သွားတဲ့ နှစ်တနှစ်ဟာ

ဖိတ်သွားတဲ့ နို့တ၀က်တော့မဟုတ်ဘူးလေ


ဒို့အရေးတွေ မပြောင်းသေးဘူး

အရင်ကသီချင်းတွေ မဟောင်းသေးဘူး

ပြီးတော့

လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်က မုန်တိုင်းဟာ

မညောင်းသေးဘူး


ဒီနှစ်သစ်မှာ ဘာဖြစ်လာမှာလဲ

ဟော့ဟိုရှော့ပ်ပင်းမောလ်ထဲမှာ

ပန်းမျိုးတရာ မပွင့်လာပေမယ့်

အိုင်ဖုန်း အိုင်ပတ် အိုင်မပတ်တပတ်

အသစ်အသစ်တွေ ထပ်ထွက်လာမယ်

ဒါသေချာတယ်

ပြီးတော့

၂၀၁၂ မှာ ကမ္ဘာမသေဘူး ကမ္ဘာမကျေဘူး

ကဗျာလည်းမသေဘူးလေ။ ။

ရဲဝင့်သူ

Tuesday, December 13, 2011

အမှောင်တကောင်ရဲ့ ကောက်ကြောင်း

darkness face hd desktop free abstract wallpaper (Google)



နွေနေမှာ ကျင့်သားရခဲ့တော့

မိုးတပေါက်လောက်မှာ ရင်ခုန်ခဲ့ကြပြီ...


(ဒါ တကယ်တော့)

ဘီလူးဆိုင်းကို ဗားရှင်းပြောင်းထားတဲ့

ခေတ်သစ် တက်ကနို...


ပါးတဖက်ကိုနမ်းစဉ်

တဖက်ပါးကို ခပ်ဆတ်ဆတ်လေး ရိုက်ထားတယ်...


အတိတ်ကို အတိတ်မှာထားခဲ့

ဟုတ်ကဲ့ ရပါတယ်

လူညီတော့လည်း ဤကို ကျွဲလုပ်ကြတာပေါ့...


ရောင်နီကို ကြိုလိုက်ကြပုံများ

ရန်ငါစည်းက ခပ်ပါးပါး

မနေ့တနေ့က သူတို့မဟုတ်ကြတော့သလို...


တခါသေဖူး ပျဉ်ဖိုးနားလည်

နှစ်ခါသုံးခါသေဖူးရင်တော့ မြေဖိုးပါနားလည်

ခွေးမြီးကောက် ကျည်ထောက်စွပ်ရင်တော့ မှားမယ်...


ရဲဝင့်သူ

သင်ပုန်းချေလိုက်

Abstract Paintings By Keith Garrow



လွန်ခဲ့တဲ့နှစ်က

ခင်ဗျား ပါးတဖက်ကို ကျနော်ရိုက်ခဲ့တာ

သင်ပုန်းချေလိုက်တော့


ပြီးခဲ့တဲ့ ဆောင်းက

ခင်ဗျားခေါင်းကို ကျနော်ခေါက်ခဲ့တာလည်း

သင်ပုန်းချေလိုက်တော့


မနှစ်က ဒီအချိန် ကျနော်

ခင်ဗျား နှလုံးသားကိုဆွဲဆုပ် အစိမ်းလိုက်ထုတ်ခဲ့တာအတွက်လည်း

သင်ပုန်းချေလိုက်တော့


ခင်ဗျားအိမ်ရှေ့ နတ်ဆိုးတထောင်စေလွှတ်

အိပ်မရအောင် ခြောက်လှန့်ခဲ့တာအတွက်လည်း

သင်ပုန်းချေလိုက်တော့


ခင်ဗျား စိတ်ထဲ ကျိန်ဆဲမ၀အောင်

အတိတ်ထဲ အဆိပ်ခတ်ခဲ့တာအတွက်လည်း

သင်ပုန်းချေလိုက်တော့

ခင်ဗျားကို နလန်မထူနိုင်အောင်

အနှစ်နှစ်အလလ ကျနော် ထုထောင်းနင်းချေခဲ့တာတွေလည်း

သင်ပုန်းချေလိုက်တော့


ခင်ဗျားအတွေးတွေ ဆွေးသွားအောင်

ချတကောင်လို ကျနော်စားသောက်ပစ်ခဲ့တဲ့တာလည်း

သင်ပုန်းချေလိုက်တော့


ခင်ဗျားအမြင်တွေမှောင်မိုက်

ပါးစပ်တွေဆွံ့အသွားရအောင် ကျနော်လုပ်ခဲ့တာအတွက်လည်း

သင်ပုန်းချေလိုက်တော့


ကြာပါတယ်

ကျနော်ပြုပြုခဲ့သမျှအမှုတွေအားလုံး

သင်ပုန်းသာချေလိုက်တော့

ကျနော်နဲ့ နှစ်ပါးသွားကမယ့် မင်းသမီးကတော့

စင်ပေါ်ရောက်နှင့်နေပြီ

ကျနော်ရေးတဲ့ဇာတ်ထဲ ခင်ဗျားလည်း

အရံတနေရာရာက ကပေးပေဦးတော့ ကိုယ့်လူ



ရဲဝင့်သူ